Author Topic: ဗိုလ်ချုပ်အောင်ဆန်း (Read 1741 times)

0 Members and 1 Guest are viewing this topic.

December 01, 2012, 11:47:33 PM
Reply #75
  • ပျော်ရွှင်တဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ခွင့် ရကြပါစေ
  • Tea Master
  • *****
  • Thank You
  • -Given: 1175
  • -Receive: 2768
  • Join Date: 23 Apr 2011
  • Posts: 369
  • Credit : 5521 $
  • View Inventory
  • Send $/Gift
  • Country: it
  • Gender: Female
၁၉၄၆-ခုနှစ်၊ ဇန်န၀ါရီလ(၁၇)ရက်နေ့၊ နံနက်(၈)နာရီ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံတွင် ဗိုလ်ချုပ်အောင်ဆန်း ဟောပြောခဲ့သည် မိန့်ခွန်း။


ကျွန်ုပ်တို့၏ တိုင်းပြည်၌ သင်္ဃာတော် အရှင်မြတ်များသည် ရာဇ၀င် တလျှောက်လုံး ကျွန်ုပ်တို့ လူမျိုး၏ ရှေ့က မားမားမတ်မတ်ရပ်လျက် မြင့်မြတ်သော အမူမျိုးကိုသာ ပြုခဲ့ကြပေ၏။ ရှေ့ခေတ်များ၌ သင်္ဃာတော်အရှင်မြတ်များသည် ကျွန်ုပ်တို့တမျိုးလုံးကို ပညာသင်ပေးရန် တာဝန်ကို ထမ်းဆောင်ခဲ့ကြပေသည်။ ယခုခေတ်၌ပင် တောရွာများတွင် သင်္ဃာတော် အရှင်သူမြတ်များ ပညာသင်ကြားပေးလျက် ရှိကြသောကြောင့် မြောက်များစွာသော အမျိုးသားတို့သည် စာပေတတ်မြောက်ကြပေ၏။ အချုပ်မှာ သင်္ဃာတော် အရှင်မြတ်များ၏ စေတနာလုံ့လကြောင့် ကျွန်ုပ်တို့၏ စိတ်ဓာတ် မြင့်မြတ်မှု အသွင်အပြင် ယဉ်ကျေးမှုတို့သည် အထူးသဖြင့် တိုးတက်ခဲ့လေသည်။ ထိုအကြောင်းများကြောင့် ကျွန်ုပ်တို့၏ သင်္ဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့၏ ထူးကဲသော ကျေးဇူး ဥပကာရများကို ခံတော်မူထိုက်ကြပါပေ၏။

သို့ဖြစ်သောကြောင့် ယခု သင်္ဃာတော် အရှင်မြတ်များအား သီးခြားလျှောက်ထား လိုပါသည်ဘုရား။ အရှင်သူမြတ်များ ဘုရား၊ အရှင်ဘုရားတို့သည် ထူးကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များဖြစ်တော်မူကြပါသည်။ အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူ ကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအစ်ကို၊ မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည်။ အရှင်သူမြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ် ဆည်းကပ်ပါသည်။ တကမ္ဘာလုံး ကိုးကွယ်ဆည်းကပ် သည်ကိုလည်း မြင်ချင်ပါသည်။ တပည့်တော်တို့ နိုင်ငံသာမက တကမ္ဘာလုံးမှာပင် မေတ္တာတရား သမစိတ္တ သဘောထားတို့ကို ပြုပြင်နိုင်သော စွမ်းပကား အရှင်ဘုရားတို့မှာရှိပါသည်။

ဤစွမ်းပကားကိုသုံးရာ၌ အောင်မြင်တော်မူပါလျှင် မနုဿလူတမျိုးလုံး အစဉ်အဆက် နှစ်ပရိစ္ဆေရှည်လျားစွာ ရှိခိုးပူဇော်ကြပါလိမ့်မည်။ ဤကဲ့သို့ ဆောင်ရွက်မူသည် သာသနာ ဘက်ကသာ ကြည့်၍ မြင့်မြတ်သည် မဟုတ်ပါ။ တပည့်တော်တို့၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည် ဘုရား။ တပည့်တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော်မူပြီးလျှင် မေတ္တာတရား၊ ညီညွတ်ရေးတရားများကို ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေးတရား ကိုလည်း ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေးဆိုရာ၌ လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအ လူန ဘ၀မှ လွတ်မြေက်မှု စသည်တို့ ဖြစ်ပါသည်။ အရှင်သူမြတ်တို့သည် သုံးလူ့ထွဋ်ထား မြတ်စွာဘုရား၊ သြ၀ါဒ ပေးတော်မူခဲ့သည့်အတိုင်း“အပ္ပမာဒေန၊ သမ္ပာဒေထ” မမေ့မလျော့ဘဲ အစဉ်ထာဝရ အားထုတ်ကြဘို့ တပည့်တော်တို့ကို ဆိုဆုံးမတော်မူကြပါ ဘုရား။

ကိုးကားစာရင်း ။ ။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ(၁၇-၃-၁၉၄၅ မှ ၁၉-၇-၁၉၄၇) စာအုပ်မှ ထုတ်နုတ်ဖေါ်ပြသည်။

 Send to Other.  Send to Other.
:MU3 :MU6 :MU7 :SG3      :H07 :H02 :H03 :H5
January 27, 2013, 04:27:59 PM
Reply #76
  • တကယ်ဆိုရင် အမြည်းလိုတယ် ဘာကြောင့်အဲသလောက်ကြာသလဲကွယ်
  • Special Customer
  • ****
  • Thank You
  • -Given: 17271
  • -Receive: 11996
  • Join Date: 28 Mar 2011
  • Posts: 1229
  • Credit : 1547 $
  • View Inventory
  • Send $/Gift
  • Country: us
  • Since March 3,2009
    • မြန်မာအွန်လိုင်းတီးရှော့
'ခေါင်းဆောင်ကြီးများ ကျဆုံးရစဉ်က'
ဝန်ကြီးဟောင်းဦးဗဂျမ်း၏ မျက်မြင်ကိုယ်တွေ့


 
(တိုးမြစ်စာအုပ်တိုက်မှ ထုတ်ဝေသည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံလွှာကောက်ကြောင်း ဆောင်းပါးစာစုများမှ ၁၉၅၃ မြ၀တီမဂ္ဂဇင်း
ဇူလိုင်လထုတ်တွင် ပါရှိခဲ့သည့် ဆောင်းပါးအား တက္ကသိုလ်များ (ဗဟို) စာကြည့်တိုက်၏ အကူအညီဖြင့် ပြန်လည်ဖော်ပြပါသည်။)
အတွဲ ၂၉ ၊ အမှတ် ၅၇၈ (၂၀ - ၂၆ ၊ ၇ ၊ ၂၀၁၂)

ရက်ကား ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်ဖြစ်၍ နေ့ကား စနေနေ့ဖြစ်ပါသည်။ ထိုအခါက ကျွန်တော်သည် လမ်းပန်း အဆောက် အအုံနှင့် ပြန်လည်ထူထောင် ရေးဌာနကို အုပ်ချုပ်ရသည်ဖြစ်ရာ ထို ဌာန၏ အတွင်းဝန်မှာ အိုင်စီအက်စ် ဦးအုန်းဖြစ်၍ ဒုတိယ အတွင်းဝန်မှာ အိုင်စီအက်စ် ဦးချမ်းသာဖြစ်သည်။

ကျွန်တော်သည် အမှတ် (၈)၊ ကိုယ့်မင်း ကိုယ့်ချင်းလမ်း၊ ဗလစ ဌာနချုပ်တွင် နေထိုင်လျက်ရှိရာ ဟင်္သာတခရိုင်သို့ ခရီးထွက်ခဲ့ သည်မှအပြန် အအေးမိ၍ အနည်းငယ်ဖျားလျက်ရှိ၏။

ထိုနေ့တွင် ၀န်ကြီးများ အစည်းအဝေး ကျင်းပမည်ဖြစ်ရာ ကျွန်တော်သည် နေမကောင်းသဖြင့် အကြောင်းထူးသာ မရှိခဲ့လျှင် ထိုအစည်းအဝေးသို့ တက်ဖြစ် မည်မဟုတ်ပေ။

ထိုနေ့ကျင်းပသည့် ၀န်ကြီးများအစည်းအဝေးတွင် ပြောပြ သင့်သော သတင်းထူး တစ်ခုကို ကျွန်တော် ရရှိထား၏။

သတင်းထူးပုံမှာ စစ်တပ်မှ မလိမ့်တပတ်ဖြင့် စက်သေနတ် (ဘရင်းဂန်း) အလက် ၂၀၀ ထုတ်ယူသွား သူမှာ ဦးစောဖြစ်ကြောင်း၊ ထိုသို့ထုတ်ယူ စဉ်က ဦးစောသည် ရှမ်းဘောင်းဘီ၊ မျက်မှန်နက်၊ ဆွယ်တာလက်ပြတ်နှင့်ဖြစ် ၍ ထုတ်ယူသွားသော မော်တော်ကား ရှေ့တန်းကားမောင်းသူဘေးတွင် ထိုင်လျက်ပါကြောင်းများအပြင် ဦးစောတို့ လူစုသည် ကုဒီတား (ခေါ်) 'လက်နက် ဖြင့် အာဏာ သိမ်းယူရန်' ကြံစည်လျက်ရှိ ကြကြောင်း သတင်းရရှိထား၏။

သို့သော် သတ်ဖြတ်သည်အထိ အကြံပက်စက်ကြ မည်ဟူ၍ကား ထိုအခါက ကျွန်တော် လုံးဝ မတွေးတောခဲ့မိပေ။

ရရှိထားသော သတင်းထူးကို ၀န်ကြီး များအစည်းအဝေးတွင် တင်ပြ လိုသဖြင့် ကျွန်တော်သည် နေမကောင်းလျက်နှင့် အ၀တ်ထူထူ အထပ်ထပ်ဝတ်၍ အစည်း အဝေးသို့ သွား၏။

အစည်းအဝေးကျင်းပမည့် နေရာ သည် အတွင်းဝန်များရုံး၊ အလယ်ထပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတွင် ဖြစ်၍ စမည့်အချိန်မှာ နံနက် ၁၀ နာရီ ဖြစ်၏။

အစည်းအဝေးမစမီ မိနစ်အနည်းငယ် ခန့်အလိုတွင် ဗိုလ်ချုပ်နှင့် ကျွန်တော် အစည်းအဝေးခန်းဝတွင် မျက်နှာချင်း ဆိုင်ဆုံမိပြီး အခန်းတွင်းသို့ အတူဝင် သွားကြ၏။

ထိုနေ့တွင် ဗိုလ်ချုပ်သည် ၀တ်နေကျ စစ်ဝတ်စစ်စားမဟုတ်ဘဲ ထူးထူးခြားခြား အရပ်ဝတ်အရပ်စားနှင့် လာ၏။

ရွှေဖလားရောင် ဗန်ကောက် လုံချည်၊ ပိုးအင်္ကျီတို့နှင့်ဖြစ်၍ ဆံပင်မှာ လည်း ခါတိုင်းကဲ့သို့ စုတ်ဖွားဖွားကြီး မဟုတ်ဘဲ ညှပ်ပြီးစဖြစ်၍ သပ်ရပ်၏။

"ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ" ဟု ကျွန်တော်က ပြောင်၍ ပြောလိုက် ၏။ "နိုင်ငံရေးသမားတွေဟာ လွတ်လပ် ရေးရပြီးရင် စစ်သားစိတ်ဖျောက်ပြီး အရပ်သားစိတ် မွေးမြူကြဖို့ အရေးကြီးတယ်"ဟု ဗိုလ်ချုပ်က ပြန်ပြော၏။

ဗိုလ်ချုပ်၏အခန်းမှာ အတော်ကျယ် ၍ မျက်နှာစာတွင် လူဝင်တံခါးကြီး သုံးပေါက်လည်းကောင်း၊ လက်ယာ ဘက်ဘေးတွင် ဗိုလ်ချုပ်၏အတွင်းရေး အတွင်းဝန် ဗိုလ်ထွန်းလှ၏အခန်းသို့ ကူးသော တံခါးလည်းကောင်း၊ လက်ဝဲ ဘက်တွင် ၀န်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်၏အခန်းသို့ ကူးသော တံခါးသည်လည်းကောင်း ရှိပြီးလျှင် အခန်း၏ ကျောဘက်တွင် ပြတင်းပေါက် သုံးခုရှိ၏။

အခန်းတွင်း အရှေ့မြောက် ထောင့်တွင် ဗိုလ်ချုပ်၏အလုပ်စားပွဲရှိ၍ အခန်း၏ တောင်ဘက်နံရံတွင် ၀န်ကြီး များအစည်းအဝေး စားပွဲရှိ၏။

ဝန်ကြီးများ အစည်းအဝေးစားပွဲ သည် စားပွဲရှည်သုံးခုကို ထောင့်ချိုး 'ဂ'ငယ်ပုံ သုံးဖက်ပိတ်တစ်ဖက်ဖွင့်ဆက်၍ ထား၏။

ထိပ်စားပွဲသည် ၁၀ ပေခန့် ရှည်၍ သုံးပေခန့်ကျယ်၏။ ထိုထိပ်စားပွဲ ၏ အစွန်းတစ်ဖက်တစ်ချက်တွင် ယှဉ်၍ ဒေါင်လိုက်ဆက်ထားကာ စားပွဲမှာ ၁၈ ပေခန့်ရှည်၍ သုံးပေခန့်ကျယ်၏။

ထိပ်စားပွဲ၏အလယ်တွင် ဗိုလ်ချုပ် ထိုင်၏။ ဗိုလ်ချုပ်၏ လက်ဝဲဘက်တွင် ၀န်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေ ဘော်ထိုင်၏။

လက်ယာဘက်နံဘေးရှိ စားပွဲရှည်တွင် သခင်မြ၊ ဦးဘချို၊ ဦးရာဇတ်၊ ဦးဘ၀င်း၊ မန်းဘခိုင်တို့ တစ်ယောက်ပြီးတစ်ယောက် ယှဉ်၍ ထိုင်ကြ၏။

ထိပ်စားပွဲ၏ လက်ဝဲဘက် နံဘေးရှိ စားပွဲရှည်တွင် ကျွန်တော်၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြ၊ မိုင်းပွန် စော်ဘွားကြီးတို့ တစ်ယောက်ပြီး တစ်ယောက် ယှဉ်၍ထိုင်ကြ၏။

အစည်းအဝေးသည် ချိန်းထားသည့် အတိုင်း ၁၀ နာရီမှာ အချိန်မှန်စ၏။ အစဉ်အလာအတိုင်း အရေးကြီးသော ကိစ္စများ စဉ်းစား သောအခါ သက်ဆိုင် ရာဌာန အတွင်းဝန်သည် လိုအပ်က လာရောက်၍ ရှင်းလင်းပြောပြရ၏။

ထိုနေ့က ကိစ္စအချို့ စဉ်းစားပြီးသည့် နောက် ၁၀ နာရီခွဲကျော်ကျော်လောက် တွင် လမ်းပန်းဆက်သွယ်ရေး စီမံကိန်း ကို စဉ်းစားရန် အလှည့်ကျသဖြင့် သက်ဆိုင်ရာဌာန၏ ဒုတိယအတွင်းဝန် ဖြစ်သော အိုင်စီအက်စ်ဦးအုန်းမောင် သည် အစည်းအဝေးသို့ ရောက်ရှိလာ ပြီးလျှင် လက်ယာဘက်စားပွဲထိပ် သခင်မြ၏အနီး၌ ကပ်လျက်ထိုင်၏။

ဦးအုန်းမောင်ရောက်ရှိပြီး နှစ်မိနစ် သုံးမိနစ်ခန့်အကြာတွင် အစည်းအဝေး ခန်းမကြီး၏ မျက်နှာစာရှိ တံခါးသုံး ပေါက်အနားက မြောက်ဆုံးတံခါးပေါက် ကို တွန်း၍ဖွင့်ပြီးလျှင် စစ်ဝတ်စုံဝတ် ထားသော လူလေးငါးယောက်သည် တော်မီဂန်း၊ စတင်းဂန်း စသည့် သေနတ် များကို ကိုင်ဆောင်၍ အစည်းအဝေး ခန်းမအတွင်းသို့ ရောက်လာကြ၏။

ထိုအခါက ကျွန်တော်သည် သူတို့ဝင်လာ သည့်တံခါးကို မျက်နှာမူ၍ ထိုင်နေသဖြင့် ၀င်လာသည့်အချိန်မှစ၍ ကောင်းစွာ သတိပြုမိ၏။ ၀င်လာသူများသည် တပ်မတော်၏အ၀တ်အစားများကို ၀တ် ဆင်လာကြသဖြင့် တပ်မတော်သားများ ဖြစ်သည်ဟုပင် ထင်မိ၏။

သူတို့သည် အလွန်အရေးကြီး၍ ရုတ်တရက်ဖြစ် ပေါ်သော ကိစ္စတစ်ခုခုကို ၀န်ကြီး အစည်းအဝေးသို့ အစီရင်ခံလိုသဖြင့် လာကြ သည်ဟု တွေးမိ၏။

နားမလည် သေး၊ ရိုင်းသေးသဖြင့်သာ တစ်ယောက် တည်းမလာဘဲ လူများစု၍လာခြင်း၊ သေနတ်များ ကိုင်ဆောင်လာခြင်းတို့ကို ပြုလုပ်ကြသည်ဟု တစ်ဆက်တည်း တွေးကာ နောက်နောင်ဝန်ကြီးအစည်း အဝေးသို့ ကိစ္စရှိ၍လာရောက်လျှင် တပ်မတော်သား တစ်ဦးသည် လက်နက် ကို အပြင်မှာ ထားခဲ့ရန်နှင့် တစ်ယောက် တည်းလာရန် အမိန့်ထုတ်ထားပါဟု ဗိုလ်ချုပ်အားပြောမည်ဟူ၍ပင် စဉ်းစား မိ၏။

ဝင်လာသူ ယူနီဖောင်းဝတ် လက်နက် ကိုင်တို့သည် အစည်းအဝေးကြီး၏ စားပွဲ သုံးခုအနီး (ဂငယ်)၀မ်းဗိုက်၏ အ၀င်ဝ သို့ လာ၍ သုံးယောက်ခန့် ရှေ့နောက် တန်းစီကာရပ်ပြီးလျှင် ရှေ့ဆုံးမှာဝင်လာ သူသည် "ဟိတ်"ဟု အသံကျယ်စွာ တစ်ခွန်းအော်လိုက်ပြီး ဗိုလ်ချုပ်အား တော်မီဂန်းနှင့် စ၍ပစ်၏။

ဗိုလ်ချုပ်သည် မတ်တတ်ရပ်လိုက်ကာ သေနတ်ပစ်သူ တို့ဘက်သို့ လက်ကာပြပြီးလျှင် တစ်စုံ တစ်ခုကို ပြောလိုက်၏။

ဘာပြောသည် ဟူ၍ကား ကျွန်တော် နားမလည်လိုက် ပေ။ ထိုသို့ပစ်လိုက်သည်နှင့်တစ်ပြိုင်နက် ပျော်ဘွယ်ဦးမြနှင့် ဦးရွှေဘော် တို့သည် ကျောဘက်ရှိ ပြတင်းပေါက်မှ ကျော် ထွက်ပြီးလျှင် ပြတင်းပေါက်အောက်ရှိ နှစ်ပေခန့်ကျယ်သော ကြမ်းပြင်စွန်းကို ကွယ်၍ ဦးရွှေဘော်၏အခန်းသို့ ကူးပြေး ကြ၏။

ကျွန်တော်သည် ထိပ်စားပွဲနှင့် အလျားလိုက်ယှဉ်ကာ ကြမ်းပေါ်တွင် မှောက်၍ အိပ်လိုက်၏။

ထိုသို့ အိပ်လိုက် သောအခါ ကျွန်တော်၏လက်ဝဲဘက် တွင်ရှိသော ဦးအောင်ဇံဝေ၏လက်ကို လည်း ဆွဲ၍ချလိုက်သဖြင့် ဦးအောင်ဇံ ဝေသည်လည်း ကျွန်တော်နှင့်အတူ အိပ်လိုက်၏။

ထိုသို့ ရန်သူ့လက်နက်ဖြင့် ကြုံကြိုက်သောအခါ လှဲ၍အိပ်လိုက်ခြင်းသည် ဂျပန်ခေတ်စစ်အတွင်း ရရှိခဲ့သော အလေ့အကျင့် အမွေဖြစ်၏။

ဗုံးကြဲ လေယာဉ်ပျံများလာသဖြင့် အာရှလူငယ် သူနာပြုအဖွဲ့များကို ဗုံးကျရာသို့ စေလွှတ်သောအခါ ကျွန်တော်အမြဲမှာလေ့ရှိ သော နောက်ဆုံးစကားများမှာ (ဗုံးကြဲလျှင်၊ စက်သေနတ်ပစ်လျှင် အမြန်ဆုံး လှဲ၍ အိပ်လိုက်)ဟု ဖြစ်နေသည်ကို သတိ ပြုမိ၏။

ကျွန်တော်သည် သမ္ဗုဒ္ဓေဂါထာ၊ သိရသ္မိံဂါထာနှင့် စမ္မခဏ်ဂါထာများကို စစ်အတွင်းက အမြဲရွတ်လေ့ရှိသည့် အတိုင်း ထိုသို့ကြမ်းပေါ် တွင်မှောက်၍ နေစဉ် အချိန်တွင်လည်း ရွတ်လျက်ရှိ သည်ကို သတိပြုမိ၏။

ဦးအောင်ဇံဝေ သည် ၂၄ ပစ္စည်းခေါ် ပဋ္ဌာန်းကျမ်း၏ အကျယ်ဖြစ်သော ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ပါဠိတော်ကို အနှစ် ၃၀ ကျော်မျှ တစ်နေ့ မပြတ် ရွတ်ဖတ်သရဇ္ဈာယ်ခဲ့သည့် အလျောက် ကြမ်းပေါ်သို့ လှဲလိုက်သည့် အချိန်မှစ၍ ရန်သူများထွက်သွားသည့် အချိန်အထိ စိတ်တွင်အာရုံပြု၍ ရွတ်ကြောင်း နောက်မှစုံစမ်းသိရှိရလေသည်။

ထိုသို့မှောက်လျက်ရှိစဉ် ကျွန်တော် ၏ လက်ဝဲဘက်နံဘေးသည် ပူခနဲဖြစ် သွား၏။ ကျည်ဆန်တစ်တောင့် ဘေးသို့ ရှပ်၍ ဖောက်ဝင် သွားသည်ဟု ထင်မိ၏။

သို့သော် သေနိုင်သောနေရာမဟုတ် ဟူ၍လည်း တွေးလိုက်သေး၏။

အိမ်ပြန်ရောက်၍ ကြည့်သောအခါ ထိုသို့ ပူခနဲဖြစ်သည့်နေရာ (နံရိုးစွန်းနှင့် တင်ပါးရိုးအကြား အသား) တွင် လက်သန်းဖျားခန့် မည်း၍နေသောအပိုင်းငယ်တစ်ခုကို တွေ့ရ၏။

ထိုနေရာနှင့် တည့်တည့် သက္ကလတ် အပေါ်အင်္ကျီတွင် လက်မ၀က်ခန့် ရှည်၍ မန်ကျည်းစေ့ခန့်ကျယ်သော အပေါက်ငယ်တစ်ခု ကိုလည်း တွေ့ရ၏။

ထိုသို့ကျည်ဆန်မှန်သောနေရာတွင် လုံချည်၊ ဘောင်းဘီ၊ ရှပ်အင်္ကျီ၊ ဆွယ်တာ လက်ပြတ် နှစ်ခု၊ စွပ်ကျယ်နှင့် အပေါ် အင်္ကျီပါ အားလုံး ခုနစ်ထပ်ရှိသည်ကို တွေ့ရ၏။ ကျွန်တော်၏ လက်ယာဘက် လက်သူကြွယ် အဖျားတွင် တစ်ချက်ထိမှန်၏။

ကျည်ဆန်သည် လက်ဖျားမှဝင်ပြီးလျှင် အလယ်ဆစ်၏ ဘေးမှ ထွက်၏။ လက်ဖျားဆစ်၏ အတွင်းသားနှင့် အရိုး တစ်ပိုင်းပဲ့ပါ သွားသဖြင့် လက်ဖျားဆစ်တွင် စပါးစေ့တစ်ခြမ်းလောက်မျှသော အရိုးတစ်ပိုင်း နှင့် အပေါ်ရေသာ ကျန်ရစ်သည်ဖြစ်ရာ အဖူးကို နုတ်ယူထားသည့် ပြောင်းဖူးနှင့်တူ၏။

သူသတ်ယောက်ျားတို့ကား သုံးယောက်ပြိုင် တူပစ်ကြ၏။

ပထမရပ်၍ ပစ်ကြ၏။

နောက် ဒူးထောက်၍ ပစ်ကြ၏။

ကျွန်တော်နှင့် ဦးအောင် ဇံဝေတို့ကို မူကား ကြမ်းပေါ်တွင်မှောက်လျက်ရှိ သဖြင့် သေပြီထင်ပြီး မပစ်ဟန် လက္ခဏာ ရှိ၏။

အပစ်အခတ်ရပ်စဲပြီး သူသတ်များ ပြန် ထွက်နေစဉ် တံခါးဝလောက် အရောက်မှာ ဦးအောင်ဇံဝေသည် မှောက်နေရာမှထလိုက်ပြီး ဗိုလ်ချုပ် လဲနေသည့်ဘက်ကို လက်ညှိုးထိုး၍ ပြပြီးလျှင် "သေကုန်ကြပြီ...သေကုန်ကြပြီ"ဟု ညည်းတွားလိုက်၏။

ကျွန်တော် ဦးအောင်ဇံဝေအား ဆွဲ၍ လှဲလိုက်ပြီးလျှင် "မထနဲ့ဦး...ပြန်ဝင်လာရင် ခင်ဗျားကိုပစ်လိမ့်မယ်"ဟု ပြော၏။

ကျွန်တော် တို့ မိနစ်ဝက်ခန့် ဆက်၍ မှောက်နေကြ ပြီးလျှင် နှစ်ယောက်အတူ ထကြ၏။

တစ်ခန်းလုံး မီးခိုးဖြင့်မှောင်လျက် ယမ်းငွေ့တထောင်း ထောင်းထလျက်ရှိ၏။ ဗိုလ်ချုပ်ကား ပက်လက် လဲလျက်ရှိ၏။

ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့သည် ဦးရွှေဘော်၏ အခန်းဘက်သို့ ကူးသွားပြီးလျှင် တယ်လီဖုန်းဆက်ရန် ကြိုးစား၏။

တယ်လီဖုန်း ဆက်၍မရ။

ပျက်နေဟန် ရှိ၏။

ကျွန်တော်၏အခန်းသို့သွားရန် ဦးရွှေဘော်၏ အခန်းပြင် သို့ထွက်ရာ ထိုအချိန်က ရန်ကုန်ပုလိပ်မင်းကြီး ဖြစ်သူ ဦးအောင်ချိန်အား အခန်းဝတွင် တွေ့၏။

"ဘာဖြစ်ကြတာလဲ"ဟု ဦးအောင်ချိန် မေး သောအခါ "လာလာ...လိုက်သာကြည့် တော့"ဟု ပြောကာ ဦးအောင်ချိန်အား ဦးရွှေဘော်၏ အခန်းကိုဖြတ်၍ အစည်းအဝေး ခန်းသို့ ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့က ခေါ်သွား၏။

ကျွန်တော်တို့ ပြန်သွားသော အချိန်တွင် မိုင်းပွန်စော်ဘွားကြီးသည် သွေးပေ လျက်ရှိသော မေးစေ့နှင့် ပါးစပ်တခြမ်းကို လက်ယာ ဘက်လက်ဝါးဖြင့် အုပ်ကာ ဗိုလ်ထွန်း လှ၏ဘက်သို့ လျှောက်သွား၏။

သို့သော် ဗိုလ်ထွန်းလှ ထွက်လာသဖြင့် လမ်းတွင်ပင် ဆုံမိကြ၏။ ဗိုလ်ထွန်းလှသည် အစည်းအဝေး ခန်းမသို့ ၀င်လာပြီးလျှင် သူသတ် တို့ထွက်သွား သော တံခါးကိုပိတ်၍ ချက်ထိုးလိုက်၏။

ဦးအောင်ချိန်အား အစည်းအဝေးခန်းတွင် ထားပြီး ဦးအောင်ဇံဝေနှင့် ကျွန်တော်၏ အခန်းသို့ သွားကြ၏။

အခန်းသို့ရောက်လျှင် ဦးအောင်ဇံဝေသည် ကျွန်တော့လက်တွင် ရသော ဒဏ်ရာကိုကြည့်၍ ကျည်ဆန်မှာ အဆိပ်ပျံ့မည် စိုးရသည်၊ ချက်ချင်းဆေးထည့် ပါဟု သတိပေး၏။

ကျွန်တော်သည် ကျွန်တော်၏ အတွင်းရေးအတွင်းဝန် မောင်သန်းမြင့်အား ဆရာဝန်ခေါ်ခဲ့ရန်မှာထား ပြီး အိမ်သို့ပြန်၏။

ကုလား ဆရာဝန် တစ်ယောက်၊ ဗိုလ်လက်ျာ၏ညီ ဒေါက်တာ လှရွှေတို့ မကြာမီရောက်ပြီးလျှင် လက်ဖျားကို ဆေးထည့် ဂွမ်းဆို့၍ ချုပ်ပြီး ဒေါက်တာလှရွှေ က လက်ပြာနေတာကို သဘောမကျ။

အဆိပ် ကြောင့်ဖြစ်ချင်လျှင် ဖြစ်နိုင်သည်ဟုပြောကာ အဆိပ် ဖြေဆေးကို အရှာခိုင်းသဖြင့် မောင်သန်းမြင့်ကိုလွှတ်၍ စစ်တပ်တွင် ရှာစေ၏။

ထိုးဆေးရှာနေစဉ်အတွင်း ဆေးရုံကြီး ကိုလိုက်ခဲ့ပါ။ ဆေးရုံကြီးမှာ ကိရိယာစုံသည်ဟု ဒေါက်တာလှရွှေက အကြံပေးသဖြင့် လိုက်သွား၏။

ဆေးရုံကြီးသို့ ရောက်သောအခါ ဒေါက်တာ ဘသန်းနှင့် ဒေါက်တာလှရွှေတို့ တိုင်ပင်ပြီး လျှင် ကုသ၍ ဖြစ်နိုင်သောနည်းမျိုးစုံဖြင့် လိုလေသေးမရှိအောင်ကုသကြ၏။

စစ်တပ် တွင်ရှာသော အဆိပ်ဖြေထိုးဆေးလည်း အလွယ်တကူပင် ရရှိလာသဖြင့် ထိုးရ၏။ ဦးဘချိုနှင့် မိုင်းပွန်စော်ဘွားကြီးတို့အား ခွဲစိတ်ကုသရန် ပြင်ဆင်လျက်ရှိကြောင်း၊ ဒဏ်ရာ ရသူ ကျန်ပုဂ္ဂိုလ်များမှာ အားလုံးသေဆုံးကြပြီ ဖြစ်ကြောင်း ကျွန်တော်ဆေးရုံမှ မပြန်မီ ကြားသိခဲ့ရ၏။

ည ၈ နာရီခန့်တွင် ဒေါက်တာလှရွှေထံမှ စကားပြောကြေးနန်းဖြင့် ၀န်ကြီးများ၏ အလောင်းကို ညွှန်ကြားချက်တစ်စုံတစ်ရာမရရှိ သဖြင့် ရေခဲတိုက်သို့ မပို့ရသေးဘဲ ဆေးရုံမှာ ပင်ရှိသေးကြောင်း ပြောသည်။ ရေခဲတိုက်သို့ ပို့သာပို့ပါ။

ကျွန်တော်လုံးဝတာဝန်ယူပါမည် ဟု အကြောင်း ပြန်ကြားလိုက်၏။ ယခုကဲ့သို့ ဗိုလ်ချုပ်နှင့်တကွ နိုင်ငံ့မျက်နှာ ဖုံးခေါင်းဆောင်ကြီးများ ကျဆုံးရခြင်းမှာ မိမိ၏ စေတနာကို မိမိယုံကြည်လွန်းသော ကြောင့်ဖြစ်၏။

ထိုသို့မဖြစ်မီအချိန်အတော်ကြာ ကပင် ဗိုလ်ချုပ်နှင့်တကွ ၀န်ကြီးများအား သတ် ဖြတ်ရန် ကြံစည်စိုင်းပြင်းလျက်ရှိကြကြောင်း အစီရင်ခံစာအမျိုးမျိုး အကြိမ်ကြိမ်ရရှိခဲ့၏။

ထိုသို့အစီရင်ခံစာများရရှိ၍ ဆွေးနွေးကြ သောအခါတွင် ဗိုလ်ချုပ်က "ကျွန်တော်တို့လို စေတနာသန့်သန့်ရှင်းရှင်းနဲ့ အဘက်ဘက်က စင်ကြယ်တဲ့သူတွေကို သတ်မယ်ဆိုတာမဟုတ် နိုင်ပါဘူး။ ကျွန်တော်တို့ကို သတ်ရင် တစ်နိုင်ငံ လုံးက အုံကြွပြီး သူတို့ကိုကော မသတ်ဘဲ နေမလား"ဟု ပြောဖူး၏။

ဝန်ကြီးအစည်းအဝေး၊ အခမ်းအနားစသည် တို့တွင် လက်နက်ကိုင် ပုလိပ် အစောင့်အရှောက်၊ စစ်တပ်အစောင့်အရှောက် တို့ကို ဗိုလ်ထွန်းလှ ကစီမံလျှင် ဗိုလ်ချုပ်သဘောမကျ။

"တို့က လူထုရဲ့ အစိုးရပါ။ လက်နက်ကိုင် အစောင့်အရှောက်မလိုပါဘူး"ဟု ပြောလေ့ရှိ ၏။

မြတ်စွာဘုရားသော်မှ ဒေ၀ဒတ်၊ စိဉ္စမာန စသော ရန်သူများရှိနေသေးကြောင်းကို ပညာရှိ သော်လည်း သတိဖြစ်ခဲဆိုသော စကားအတိုင်း ကျွန်တော်တို့ မဆင်ခြင်မိဘဲ ပေါ့ပေါ့ဆဆ နေလွန်းလှသဖြင့်သာ ယခုကဲ့သို့ ခေါင်းဆောင် ကြီးများ ရေတိမ်မှာ နစ်ကြရရှာပေသည်။

ဦးစော၏အကြံသည် တစ်ရက်တည်း စောသွားသဖြင့် အောင်မြင်ခဲ့သည်။ စစ်တပ်မှ ဘရင်းဂန်းအလက် ၂၀၀ ဦးစောလိမ်၍ ထုတ်ကြောင်း သတင်းကို သခင်မြတွင် လည်းကောင်း၊ ကျွန်တော့တွင်လည်းကောင်း အခိုင်အလုံရရှိထားကြပြီဖြစ်၍ ထိုနေ့ဝန်ကြီး များအစည်းအဝေးနောက်ပိုင်း အထွေထွေခန်း တွင် ဦးစောအား ဖမ်းရန် ညွှန်ကြားဖို့ ဆုံးဖြတ် ဖွယ်ရှိ၏။

ဦးစောနှင့် အပေါင်းပါတို့သည် ဗိုလ်ချုပ် အောင်ဆန်းနှင့် နိုင်ငံ့မျက်နှာဖုံးအခြား ခေါင်းဆောင်ကြီးများအား သတ်လိုက်ခြင်းဖြင့် ထိုပုဂ္ဂိုလ်များအား သေစေသည်မဟုတ်။

နိုင်ငံတစ်ခုလုံးကို သေစေသည် မည်၏။
ကံကောင်းသူ ၀န်ကြီးများ

ထိုနေ့ အစည်းအဝေးတွင် မတက်ရောက်သဖြင့် ကံကောင်းသောဝန်ကြီးများမှာ ဦးကျော်ငြိမ်း၊ ဆမားဒူးဝါး၊ စောစံဖိုးသင် နှင့် ဦးဝမ်ကိုဟောတို့ ဖြစ်ကြ၏။

ထိုအခါက ပြည်ထဲရေးဌာန ၀န်ကြီးဖြစ်သော ဦးကျော်ငြိမ်း မှာ အင်္ဂလန်သို့ သွားနေခိုက်ဖြစ်၍ ပြည်ထဲရေး ဌာနကို ပျော်ဘွယ်ဦးမြက အုပ်ချုပ် လျက်ရှိ၏။ ကျန်ဝန်ကြီးသုံးဦးမှာ နယ်သို့ ခရီးလွန်နေ၍ အစည်းအဝေးမတက်ဖြစ် ဟု သိရ၏။
(မြ၀တီမဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၅၃)
======================================================================
အခုတလော ဗိုလ်ချုပ်ဈာပနတုန်းပုံတွေ FB မှာတွေ့နေရတယ် photoshop လို့လဲပြောတယ် တကယ်လို့လဲပြောနေကြတယ်...

 Send to Other.  Send to Other.  Send to Other for Drink :P  Send to Other.  Send to Other.
February 13, 2013, 05:05:27 PM
Reply #77
  • လာသူငယ်ချင်းရေ. . . လက်ဖက်ရည်ဆိုင်ကို ဒိုးကြပါစို့ဟေ. . .
  • Special Customer
  • ****
  • Thank You
  • -Given: 39864
  • -Receive: 3693
  • Join Date: 17 Apr 2011
  • Posts: 311
  • Credit : 3754 $
  • View Inventory
  • Send $/Gift
  • Country: 00
  • I drink, therefore I am
နတ်မောက်...
မင်းဘာမှထပ်မလုပ်နဲ့
ထိန်လင်းကို ငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက် တာဝန်ကျေပြီ။

ခင်ကြည်...
ညည်းယောက်ျားကိုသေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေးတစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူသား။
နိုင်ငံခေါင်းဆောင်ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့။

ဗိုလ်ထွန်းလှ...
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင်ရှက်နေရှာဦးမယ်။

ဆရာတော်ဦးသောဘိတ....
ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချ ဆိုတာ
ကျွန်တော်တို့အတွက်ပါဘုရား။

ဦးဘ၀င်း..
ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။
စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ။

ရဲဘော်ကျော်စိန်....
ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။

ဟေ့လူ...ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..
သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့်
သွားမတားပါနဲ့။
ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့ သူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ။

ဗိုလ်မှူးကြီးဆူဇူကီး....
တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင်တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို။
အဲ့သတ္တိအဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ ပြောရဲတာတစ်ကောင်မှမရှိဘူး။

အမွိုင်....
မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက်ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား။

ဦးစော...
ခင်ဗျားကို မေ့ထားပါ့မယ်။ခွင့်လွှတ်လို့တော့ မရသေးဘူး။
ဒါပေမဲ့..မပူပါနဲ့။
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေအများကြီးရယ်။

မစ္စတာနေရူး...
ခင်ဗျားသူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ။

ပဲခူးဆောင်...
ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်းမထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အ၀တ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ။

ညိုညိုစိန်....
ညည်းတစ်သက်လုံးမင်းသမီးလုပ်လာတာ အနယ်နယ်အရပ်ရပ်။
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား၊တွေ့ဖူးရဲ့လား။
"ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့။
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား။

ဆြာ စတက်ဖို့ကရစ်ပ်....
သူ ခင်ဗျားအကျီအိတ်ကြီးပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့သြပါနဲ့။
၃၂နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း။

ဦးဋ္ဌေးမြိုင်(သို့)ဒဂုန်တာရာ.....
(ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
စစ်ချီစစ်တက်သီချင်းတွေပဲ သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ။
နှလုံးသားမရှိတာမဟုတ်ပါဘူး။
နှလုံးသားရှိလွန်းလို့ပါ။

ဂျူဗလီဟော....
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက်လှည့်မထားပါနဲ့။
ခင်ဗျားကို မြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့။

ရဲဘော်ကလေးတွေ......
စိတ်မကောင်းမဖြစ်နဲ့။
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား။
"ငွေသော်တာရောင်ခြည်" ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ။

ပြည်ထဲရေးဝန်ကြီးဦးမြ...
ခင်ဗျား...မှားတယ်။
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ။
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။

ကိုကျော့မောင်....။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေထဲမှာ
အဲ့လို အပိုဆားဒါးတွေမပါဘူး။

မေမြို့....
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့။
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ
ကျည်ဆံ ၁၃တောင့်စိုက်သွားပြီ။
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ။

ဒေါ်စု....
သူ့အမေဆိုတဲ့အတိုင်းခင်ဗျားစိတ်ဓာတ်မာလှပါတယ်။
ခင်ဗျားငွေတိုးချေးသလို၊
ခင်ဗျားဆီတွေလှောင်ထားသလို၊
သူ့ကိုလည်း
ခေတ်ကြီးထံအပြီးအပိုင်ချေးလိုက်တယ်လို့မြင်ပါ။
ကျွန်တော်တို့လည်း ရင်ထဲမှာ အမြဲလှောင်သိမ်းထားတော့မယ်။

Heinn FiveStrings

===============================================================================================

ဒီနေ့မနက် ကျွန်တော့်ဝေါကို ဖွင့်လိုက်တော့ လန့်တောင်သွားပါတယ်။
ဒီကဗျာမဟုတ် ၊ အတွေးစုလေးတွေမဟုတ်၊ လုပ်ကြံခံစားမှုမဟုတ်တွေကို ကျွန်တော်မနေ့ညက တစ်ညလုံးလိုလိုတွေးရင်းရေးရင်းငေးရင်းဝမ်းနည်းရင်း တင်ခဲ့တာပါ။ တစ်ညလုံး မအိပ်ဖြစ်လောက်တော့ဘူးလို့ ယုံကြည်လိုက်တဲ့အချိန်မှာ ကျွန်တော်နောက်ထပ် ထပ်ထပ်ပြီးတွေး၊ ထပ်ထပ်ပြီးတင်ဖြစ်တာပေါ့။ ဒီလိုနဲ့ မနက် ၄ နာရီလောက်မှာ စက်ကကြောင်သွားပါရော။ ဒါနဲ့ ဘယ်လိုမှလုပ်မရလို့ ပိတ်ချလိုက်ရတာပါ။

တချို့က ခေါင်းစဉ်ကဘာလဲလို့မေးလာကြပါတယ်။ ခေါင်းစဉ်က ဘာလဲဆိုတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော် ခေါင်းစဉ်လို့ မစဉ်းစားမိခဲ့ပဲရေးခဲ့တာ။ အခုပေးဆိုလည်း မပေးရဲဘူး။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်အတွေးတွေကို လန့်နေတာ။ အရင်နှစ် အာဇာနည်နေ့မှာ ကျွန်တော် သူ့ကို တမ်းတတဲ့ကဗျာတစ်ပုဒ်ရေးခဲ့ဖူးတယ်။ (ခဏခဏအသတ်ခံရတယ်၊ဘယ်တော့မှမသေဘူး)ဆိုတဲ့ကဗျာပါ။ ကျွန်တော့်နုတ်စ်ထဲမှာရှိပါတယ်။ သိပ်မကြာခင်ကပဲ သူ့အကြောင်းနောက်ထပ်ကဗျာမရေးတော့ဘူးလို့ ကျွန်တော်ပြောခဲ့တယ်။ ဒါပေမယ့် အခုရေးတဲ့ စတေးတပ်လေးတွေဟာ ကဗျာတစ်ပုဒ်လိုဖြစ်သွားစေတယ်။ ဒီစတေးတပ်လေးတွေရဲ့ မူလအစ အတွေးကတော့ မနှစ်က သွားခဲ့တဲ့ခရီးတစ်ခုက အစပြုတာပါ။

ကျွန်တော်မနှစ်က ပြည်ထောင်စုနေ့(12.2.12)နေ့လည် ၁၂နာရီတိတိ၊ မန္တလေးမြို့ရဲ့ ၃၅ လမ်းပေါ်ကနေ စထွက်ခဲ့တာပါ။ ကျွန်တော်နဲ့သူငယ်ချင်းသုံးယောက်၊ ဆိုင်ကယ် ၂ စီးပေါ့။
ရက်ရက်စက်စက်ပူနေတဲ့နေရောင်အောက်မှာ သူငယ်ချင်းအားလုံးပေါင်းမှ ပိုက်ဆံ ၅သောင်းလောက်နဲ့ တိုင်းဒေသကြီးတစ်ခုကို ကျော်သွားမယ့်ခရီးကို စတင်ခဲ့တာပါ။ မန္တလေးကနေ နတ်မောက်ပေါ့။ မကွေးတိုင်းထဲအထိ အသွားအပြန် မိုင် ၃၀၀ ကျော်တဲ့ခရီးပါ။
လမ်းမှာ ကြုံခဲ့ရတဲ့အခက်အခဲတွေတော့မပြောတော့ပါဘူး။ ဆိုင်ကယ်တွေ အဆင်မပြေလို့ မြင်းခြံမှာ တစ်ညအိပ်ရပါသေးတယ်။

မန်းလေးဂျီတီစီ ကျောင်းသားသုံးယောက်နဲ့ ကျောင်းသားဟောင်းတစ်ယောက်၊ အသက်၂၀၀န်းကျက် ကျွန်တော်တို့ဟာ သူ့ရဲ့မြို့ကလေး၊ သူ့ရဲ့အိမ်ကလေးကို သွားကြည့်အလေးပြုချင်ရုံသက်သက် ဒီခရီးကိုသွားခဲ့တာပါ။ ဒီလိုနဲ့ တင်ပါးတွေထူပူ၊ ခြေထောက်တွေတောင့်တင်း၊ နှုတ်ခမ်းတွေခြောက်ကပ်နေအောင် အညာမြေရဲ့နေနဲ့ လေပူတွေကို ခံစားပြီးတဲ့နောက် နတ်မောက်မြို့လေး အ၀င်ဝက သဲချောင်းကြီးပေါ် ခြေချမိပါရော။ ၁၃ရက်နေ့ ၊ သူ့မွေးနေ့မှာပေါ့။ အဲ့မှာ တော်တော်ကြီးကို စိတ်ထဲနင့်သွားတာဗျာ။ သူ့ကို မွေးထုတ်ပေးတဲ့မြို့တဲ့။ သဲချောင်းကြီးကို ခက်ခက်ခဲခဲဖြတ်မောင်းရသေး၊ မြို့နာမည်ရေးထားတဲ့ ဆိုင်းဘုတ်လေးကို ခြုံတွေက ကွယ်နေသေးတယ်၊ မြို့အလယ်လမ်းမကြီးဟာ ဖုန်ထထောင်းထောင်းထနေသေးတယ်။ ကျွန်တော်တို့ ၄ယောက်မှာ ပင်ပန်းခဲ့ရတာတွေထက်ပိုတဲ့ ပင်ပန်းမှုကို ရခဲ့ကြတယ်။

ဒါနဲ့ မြို့အ၀င်က လက်ဖက်ရည်ဆိုင်လေးမှာထိုင်ရင်း သူ့အိမ်က ဘယ်မှာလဲဗျ။ ကျွန်တော်တို့မန်းလေးက လာတာပါ။ သူ့အိမ်ကလေးကို အလေးပြုချင်လို့ပါ လို့ ဆိုင်ရှင်ကြီးကိုမေးတော့ ဟာဗျာ....ဆိုင်ရှင်ကြီးလေ..ယောက်ျားကြီးတန်မဲ့ မျက်ရည်တောက်တောက်ကျတယ်ဗျာ။ သားတို့ရာ...မင်းတို့လိုကလေးတွေ ဒီခေတ်မှာရှိသေးပါလားကွာ..ငါဝမ်းသာဝမ်းနည်းကြီးဖြစ်လို့ပါကွာ..ဆိုပြီး မျက်ရည်တွေကို လက်ဖမိုးကြမ်းကြီးနဲ့ ပွတ်ပွတ်သုတ်လို့..ကျွန်တော်တို့လည်း မျက်ရည်ကို ထိန်းမထားနိုင်ခဲ့ပါဘူး။
ဒါနဲ့ .. ခဏနား..သူ့အကြောင်းတွေကို မြို့ခံဆိုင်ရှင်ဦးလေးကြီးဆီမေး.လူငယ်လေး ၄ယောက်ဟာ မြေလတ်မြို့ကလေးတစ်မြို့မှာ ၀မ်းနည်းအံ့သြစရာကောင်းတဲ့အကြောင်းတွေကို ထိုင်ပြောရင်း ဘယ်သူမှ မသိအောင်မျက်ရည်ကျနေခဲ့ကြတာ။ ပြီးတော့ ဦးလေးကြီးက သူကိုယ်တိုင် နေအိမ်ပြတိုက်ကလေးကို လိုက်ပို့ပါတယ်။ လမ်းမကြီးကနေ လမ်းချိုးလေးတစ်ခုထဲကို ချိုးဝင်မောင်းတက်သွားရတာ။ ကုန်းနိမ့်နိမ့်လေးပေါ်မှာပေါ့။

ဒီလိုနဲ့ .. သူ့အိမ်ကလေးကိုရောက်တော့ ခြံတံခါးကြီးက သော့ခတ်လို့၊ အိမ်တံခါးတွေကလည်း သော့ခတ်လို့။ ကျွန်တော်တို့မှာ ဒီအိမ်ကလေးကို အပြင်ကငေးရင်း မျက်ရည်တွေထပ်ကျလာခဲ့ပြန်ရော။ ဒါဟာ မီးလောင်သွားလို့ ပုံစံတူပြန်ဆောက်ထားတဲ့ အိမ်ဆိုတာသိပေမယ့်လည်း သူကလေးဘ၀က ဒီနေရာမှာများလား၊ ဒီမန်ကျည်းပင်လေးအောက်မှာရော သူရှိနေတတ်လား၊ ရေနံချောင်းကို ကျောင်းသွားတက်ရမယ်ဆိုတော့ ကျွန်တော်တို့အခုရပ်နေတဲ့နေရာကနေ သူ့အမေကို သူပြန်ငေးနေမှာလား။ စသည်ဖြင့်ပေါ့။
တွေးရင်းတွေးရင်း ငိုမိတာပါ။ လိုက်ပို့တဲ့ဦးကြီးက ပြောပြရှာတယ်။ အာဇာနည်နေ့တစ်ရက်ပဲ ဒီအိမ်လေးကို ၀င်ကြည့်ခွင့်ရသတဲ့။ ဟာ..မဖြစ်ဘူးလေ။ မန်းလေးကနေတောင် ဒီအိမ်ရှေ့ထိရောက်ပြီးပြီ။ ကျွန်တော်တို့ အထဲမ၀င်ရလို့မဖြစ်ဘူး။ ဒီလိုနဲ့ သူ့အိမ်လေးရဲ့အရှေ့ဘက် မျက်နှာချင်းဆိုင်မှာ သူ့ရဲ့အမျိုးအနွယ်တချို့နေထိုင်နေကြောင်းသိရတယ်။ သွားပြောတာပေါ့။ ၄ယောက်လုံးရယ်၊ ဦးလေးကြီးရယ်။ ကျွန်တော်တို့ကဘယ်ကလာရကြောင်း၊ဘယ်လိုစိတ်နဲ့လာကြောင်းပေါ့။
နောက်မှသိရတာက အရှေ့ကမျက်နှာချင်းဆိုင်အိမ်ဟာ ဗိုလ်ချုပ်ရဲ့ တူ ၂၀မ်းကွဲတော်ပါတယ်တဲ့။
သူလည်း ကျွန်တော်တို့လိုပဲ မျက်ရည်တွေဝဲလို့..သော့တွေအားလုံးကို လိုက်ဖွင့်ပေးရှာတယ်။
ချုပ်ပြောရရင်တော့ ဗိုလ်ချုပ်အပေါ်ကျွန်တော်တို့ထားတဲ့ လေးစားမှုရဲ့တန်ခိုးပါပဲ။ စည်းကမ်းသတ်မှတ်ချက်တွေအားလုံးကို ချိုးဖောက်ပြီးတော့ သေသေချာချာအထဲဝင်ကြည့်ခွင့်ရခဲ့တယ်။
(အခုတော့ အမြဲတမ်းဖွင့်ပေးထားတယ်လို့သိရပါတယ်)

အားရအောင်ကြည့်၊ အားရအောင်မျက်ရည်ကျ ၊ အားရအောင် လေးစား၊ အားရအောင် ကြက်သီးထ၊ အားရအောင် အလေးပြုပြီးတဲ့အခါမှာတော့ ထပ်ပြီးဝမ်းနည်းစရာကိစ္စကဖြစ်လာပြန်ပါတယ်။ မနက် 10 လောက် နတ်မောက်ကိုရောက်တာ၊ ကျွန်တော်တို့ သူ့အိမ်မှာ ညနေစောင်းအထိနေခဲ့ကြတာပါ။ 5နာရီခွဲလောက်ရောက်တော့ မနက်ကလည်း ဆိုင်ကယ်အသေစီးလာတာ ဆိုင်ကယ်ပေါ်ကို တက်ကို မတက်ချင်တော့တာ။ ဒါနဲ့ ဒီမှာ ညအိပ်ကြမယ်ပေါ့။ ဦးလေး...တည်းခိုခန်းညွှန်ပါဦးဆိုတော့...သူကထပ်ပြောတယ်။ နတ်မောက်မှာ တည်းခိုခန်းမရှိပါဘူးတဲ့။ ဘာလို့လည်းဆို . အမြန်လမ်းလည်းမဖြတ်ပါဘူး၊ စီးပွားရေးလည်းအချက်အချာမကြပါဘူး၊ လည်စရာပတ်စရာလည်းမရှိပါဘူး။ ဒါကြောင့် ဘယ်ဧည့်သည်မှ မလာပါဘူးတဲ့။ ဟာဗျာ...နိုင်ငံခေါင်းဆောင်ကြီး၊ အာဇာနည်ကြီး၊ အသေခံပေးသွားတဲ့သူရဲကောင်းကြီးရဲ့မြို့တဲ့ဗျာ။ ဘယ်လိုလူတွေက သမိုင်းကို ဖုံးကွယ်ထားချင်ကြတာလဲ။ တည်းခိုခန်း အစုတ်အပြတ်လေးတစ်ခုတောင်မရှိဘူးတဲ့ဗျာ။
ဒါနဲ့ ၀မ်းနည်းဒေါသကို မရရအောင်ထိန်းရင်း ညနေ 6 နာရီလောက်မှာပဲ နတ်မောက်မြို့လေးကို ကျွန်တော်တို့နှုတ်ဆက်ခဲ့ပါတယ်။ တောက်လျှောက်စီးလာလိုက်တာ မန်းလေးကို ရောက်တော့ မနက် 3 နာရီကျော်ပါပြီ။

ဒီတော့..ကျွန်တော်ပြောချင်တာကနည်းနည်းရှည်သွားတယ်ဗျ။ မနေ့ညကလို နေ့မျိုး မနှစ်ကသာဆို ကျွန်တော်ဆိုင်ကယ်ပေါ်မှာပေါ့။ အဲ့ဒါကို ပြန်လွမ်းသွားတာ၊ ပြန်တွေးမိရင်း ငိုချင်သွားတာ။ သူငယ်ချင်းတွေကိုလည်း လွမ်းတာပါတာပေါ့။ ဒါနဲ့ နတ်မောက်ဆိုတဲ့မြို့ကလေးဆီ ကျွန်တော်စိတ်ကို လွှင့်လိုက်တာ။ ဒီမှာပဲ..စရေးမိတာပါ။
စုတ်ပြတ်မှုန်တေနေတဲ့ မြို့ကလေးဟာ ရှားမှရှားတဲ့သူရဲကောင်းတစ်ယောက်ကို မွေးထုတ်ပေးတယ်ဆိုတာကို ကျွန်တော်လေးစားဂုဏ်ယူမိလို့ပါ။ စရေးတာက -

နတ်မောက်...
မင်းဘာမှထပ်မလုပ်နဲ့
ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက်တာဝန်ကျေပြီ။

ဒါပါပဲခင်ဗျ။ ပြီးတော့..နောက်စတေးတပ်တွေက ဆက်တိုက်ဆက်တိုက်ထွက်ကျလာတာပါ။
အမှန်ကတော့ တစ်ညလုံးတင်မလို့ပါ။ ကျွန်တော်ပြောခဲ့သလို စက်ကကြောင်သွားတော့ မလုပ်လိုက်ရတာ။ အခုကြည့်လိုက်တော့ အားလုံးက စေတနာနဲ့စုစုစည်းစည်းလေးလုပ်ပေးထားကြပြီ။ ဒီတော့..ကျွန်တော်ဆက်တင်မယ်ဆိုတဲ့အကြံက မကောင်းတော့ဘူးဖြစ်သွားတယ်ခင်ဗျ။ဥပမာ-ဒီဟာဆို မနေ့က မတင်လိုက်ရတာပါ။

ဒေါ်စု....
သူ့အမေဆိုတဲ့အတိုင်းခင်ဗျားစိတ်ဓာတ်မာလှပါတယ်။
ခင်ဗျားငွေတိုးချေးသလို၊
ခင်ဗျားဆီတွေလှောင်ထားသလို၊
သူ့ကိုလည်း
ခေတ်ကြီးထံအပြီးအပိုင်ချေးလိုက်တယ်လို့မြင်ပါ။
ကျွန်တော်တို့လည်း ရင်ထဲမှာ အမြဲလှောင်သိမ်းထားတော့မယ်။

ဒီတော့..ဘာပဲဖြစ်ဖြစ်ခင်ဗျာ။ အားပေးခံစားပေးခဲ့ကြတဲ့ သူငယ်ချင်းအားလုံး၊ညီအကိုမောင်နှမအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျ။
သူကိုချစ်ရင် သူ့အကြောင်းကဗျာရေးရုံနဲ့မပြီးပါဘူး၊ သီချင်းရေးရုံနဲ့မပြီးပါဘူး၊ ပန်းချီရေးရုံနဲ့ မပြီးပါဘူး။ သူပြောခဲ့တဲ့စကားတွေကို ကျွန်တော်တို့နားထောင်ကျင့်ကြံလိုက်ကြရအောင်လားဗျာ။

ဟိန်း

13.2.13

 Send to Other.  Send to Other.
Who!