နေပြည်တော်ကို ဒုတိယပိုင်း သွင်းဂိုးများဖြင့် ရန်ကုန် အနိုင်ယူယနေ့ညနေက ရန်ကုန် ယူနိုက်တက်နှင့် နေပြည်တော်တို့ ရန်ကုန်ယူနိုက်တက်ပိုင် မြက်ခင်းတုကွင်းတွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၅)အဖြစ် ယှဉ်ပြိုင် ကစားခဲ့ရာ ရန်ကုန်က ကျော်ကိုကို၊ ကိုနေး တို့သွင်းယူသော ဂိုးများဖြင့် နေပြည်တော်ကို အနိုင်ရခဲ့သည်။ ရန်ကုန်သည် ယခုပွဲကို အနိုင်ရခဲ့သော်လည်း ခြေစွမ်း အကောင်းဆုံး မရှိခဲ့ဘဲ ပွဲချိန် တစ်လျှောက်တွင် ရုန်းကန်ခဲ့ရသည်။
ရန်ကုန်တွင် နိုင်ဇေယျာထွန်း၊ သက်လွင်ဝင်း၊ ရှက်ဗ်ကော့စကီး၊ ဂျီနိုစီယမ်၊ ပြည့်ဖြိုးအောင်၊ ရန်အောင်ကျော်၊ ရာဇာဝင်းသိန်း၊ အောင်မိုး၊ ကျော်ကိုကို၊ ကိုနေး၊ ဆီဇာတို့ဖြင့် (၄-၄-၂)ပုံစံ
ခင်းကျင်း ပွဲထွက်လာခဲ့သည်။ နေပြည်တော်တွင်မူ ကိုရီးယား တိုက်စစ်မှူး ဆင်မ် တစ်ဦးတည်းကို အထောင်ထားခဲ့ပြီး ကွင်းလယ်မှ ခိုင်ထူး၊ ကိုနေး၊ ဇော်ထက်အောင်၊ ခွန်ဇေယျာထွန်း၊ လတ်ကိုကိုအေး တို့ဖြင့် ၀န်းရံကာ ခံစစ်ကြောင်းတွင် တင်ဇော်မိုး၊ မာရှယ်၊ မိုးဝင်း၊ ချစ်စမ်းမောင် တို့ကို တာဝန်ပေးကာ ဂိုးသမားအဖြစ် ဗန်လားဟရွယ်ကို အသုံးပြုခဲ့သည်။

ပွဲအစပိုင်းတွင် နှစ်သင်းစလုံး ကစားကွက် မမိဘဲ ကွင်းလယ်တွင် ဘောလုံး အပျက်များနေသောကြောင့် ပွဲက အနည်းငယ် အေးနေခဲ့သည်။ ပွဲချိန် (၁၀)မိနစ် တွင်မူ ယခုပွဲ၏ ပထမဆုံး ဂိုးပေါက်ခြိမ်းခြောက်မှု အဖြစ် ရန်ကုန်တို့ နေပြည်တော် ဧရိယာ အစပ်မှ ပြစ်ဒဏ်ဘော ကန်ခွင့်ရသော်လည်း ဆီဇာ၏ ကန်သွင်းချက် ဂိုးဘားကို ကပ်၍ ကျော်သွားခဲ့သည်။ ပွဲချိန် (၁၂)မိနစ်နှင့် (၂၀) မိနစ်များတွင် ရန်ကုန် တိုက်စစ်မှူး ကိုနေး (၂)ကြိမ်ဆက် အပိုင်အခွင့်အရေးများ ရခဲ့သော်လည်း ကိုနေး၏ ကန်သွင်းမှုများမှာ ဂိုးပေါက်နှင့် လွဲချော်နေခဲ့သည်။ ထိုအချိန်များအတွင်း ရန်ကုန်မှာ ကစားကွက် အသာစီး ရရှိခဲ့ခြင်း မရှိသော်လည်း ဂိုးပေါက် ခြိမ်းခြောက်မှုတွင် နေပြည်တော်ထက် အသာရခဲ့ခြင်း ဖြစ်သည်။ နေပြည်တော် အသင်းသည် ရန်ကုန်ကို ပြန်လှန်ဖိအားပေး ကစားနိုင်သော်လည်း ဖန်တီးမှု အားနည်းသည့် တိုက်စစ်ပိုင်းကြောင့် အခွင့်အရေးတော့ မယ်မယ်ရရ ရရှိခဲ့ခြင်း မရှိခဲ့ပေ။ ပွဲချိန် (၂၅)မိနစ်တွင် ခိုင်ထူးနှင့် ချစ်စမ်းမောင်တို့၏ ဘယ်တောင်ပံ တွဲလုံးမှ တိုက်စစ်သို့ လိုက်ပါလာသည့် ချစ်စမ်းမောင်က ရန်ကုန် ဂိုးဧရိယာအတွင်း လှလှပပ ဖြတ်ခင်းပေးသော်လည်း တွဲတက်လာသည့် ဆင်မ် အနည်းငယ် နောက်ကျခဲ့သည်။ (၃၄)မိနစ်တွင်လည်း ခိုင်ထူး ဘယ်ခြမ်းမှ ဆွဲဝင်ကာ ရှက်ဗ်ကော့်စကီးကို အယောင်ပြ ကန်သွင်းချက် ကောင်းမွန်သော်လည်း ဂိုးပေါက် လွဲချော်ခဲ့သည်။ ရန်ကုန်နှင့် နေပြည်တော်တို့သည် ပထမပိုင်းတွင် ထိရောက်သည့် တိုက်စစ်ဆင်မှုများ ပြုလုပ်နိုင်ခြင်း နည်းပါးခဲ့ပြီး ကွင်းလယ်တွင်သာ ဘောလုံး အပျက်များနေခဲ့သည်ကို တွေ့ရသည်။
ပထမပိုင်းတွင် ဂိုးမရခဲ့သည့် ရန်ကုန်သည် ဒုတိယပိုင်းတွင်မူ တိုက်စစ်ကို ပိုမိုအသားပေး ကစားလာခဲ့သည်။ ပွဲချိန် (၅၄)မိနစ်တွင် အောင်မိုးဖန်တီး ပေးရာမှ ဆီဇာလွတ်ထွက်
သွားသော်လည်း တွန့်ဆုတ်နေသောကြောင့် အခွင့်အရေးကို အသုံးမချ နိုင်ခဲ့ပေ။ ဆက်တိုက် ဆိုသလိုပင် ရာဇာဝင်းသိန်း ဖန်တီးပေးရာမှ ဆီဇာပင် ကန်ခွင့်ရခဲ့သော်လည်း ဂိုးသမား
ဗန်လားဟရွယ် လက်စွမ်းပြ ကာကွယ်သွားခဲ့သည်။ ပွဲချိန် (၅၆)မိနစ်တွင်မူ ရန်ကုန်တို့ အဖွင့်ဂိုး ရရှိသွားခဲ့သည်။ ဆီဇာကြောင့် ရရှိသည့် ထောင့်ကန်ဘောကို ရာဇာဝင်းသိန်း
ကန်တင်ပေးခဲ့ရာ ကျော်ကိုကိုက နေပြည်တော် နောက်ခံလူများအကြားမှ ပါးပါးနပ်နပ်ဖြင့် ခေါင်းတိုက်သွင်းသွား ခဲ့ခြင်း ဖြစ်သည်။ ဦးဆောင်ဂိုး ပေးလိုက်ရသည့် နေပြည်တော်တို့ ချေပဂိုး ပြန်လည် သွင်းယူနိုင်ရေး အတွက် ကြိုးပမ်းလာခဲ့ပြီး ပွဲချိန် (၇၀)မိနစ်တွင်မူ နေပြည်တော်တို့ အတွက် တစ်ပွဲလုံးတွင် အကောင်းဆုံး အခွင့်အရေး တစ်ရပ် ရရှိခဲ့သည်။ တန်ပြန်တိုက်စစ်မှ ရန်ကုန်နောက်ခံလူများ အဆင်သင့် မဖြစ်ချိန်တွင် ညာခြမ်းမှ ဇော်ထက်အောင် လှလှပပ ဝေ့၀ိုက် ခင်းပေးခဲ့သော်လည်း ပြေးတက်လာသည့် ကိုနေး ခေါင်းတိုက်ချက် လွဲခဲ့သလို ကိုနေးနောက်မှ ပါလာသည့် မင်းမင်းထွန်း၏ ပိတ်သွင်းချက်မှာလည်း ဂိုးဘားကို ထိခဲ့သောကြောင့် နေပြည်တော်တို့ ချေပဂိုး ရနိုင်သည့် အခွင့်အရေး တစ်ရပ်ကို လက်လွှတ်ခဲ့ရသည်။ ပွဲချိန် (၇၃)မိနစ်တွင်မူ ရန်ကုန်တို့ ဒုတိယဂိုး ရခဲ့ပြန်သည်။ နေပြည်တော် နောက်ခံလူ၏ ပေါ့ဆမှုမှ ကျော်ကိုကို ရရှိသွားပြီး အသာအယာ မတင်ပေးသည်ကို ကိုနေး လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ရာ ခေါင်းနှင့် မထိခဲ့သော်လည်း ပုခုံးနှင့်ထိကာ ဂိုးဝင်သွားခြင်း ဖြစ်သည်။ ဒုတိယဂိုး ရရှိပြီးနောက်တွင် ရန်ကုန်တို့ လူစားလဲမှုများ ပြုလုပ်ကာ ပွဲကိုထိန်းကစားခဲ့သည်။ နေပြည်တော် အနေဖြင့် ချေပဂိုး ပြန်လည်သွင်းယူနိုင်ရေး ကြိုးပမ်းခဲ့သော်လည်း ရန်ကုန် ခံစစ်ကြောင်း၏ သပ်သပ်ရပ်ရပ် ရှင်းထုတ်နေမှုများကို မကျော်ဖြတ်နိုင် ခဲ့သောကြောင့် ပွဲအပြီးတွင်
ရှုံးနိမ့်ခဲ့ရသည်။ ရန်ကုန်သည် ယခုပွဲ အနိုင်ကြောင့် ဇေယျာရွှေမြေ၏ ရှုံးနိမ့်မှုကို အခွင့်ကောင်း ယူနိုင်ခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်လည် ရယူနိုင်ခဲ့သည်။
@soccermyanmar